Skip to main content

တကယ်တော့ ပြင်သစ်ဟာ ရိုမန့် ဘာသာစကားတစ်ခု (Romance) ဖြစ်ပါတယ်။ ရိုမန့်ဆိုတာ ရှေးခေတ် ရိုမန်လူမျိုးတွေရဲ့  (Vulgar Latin) ဗျူဂါလက်တင်ဘာသာစကားကနေ ဆင်းသက်တဲ့ ဘာသာစကားအစုအဖွဲ့ကို ခေါ်တာပါ။ ပင်ရင်းမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပဘာသာစကား မိသားစုထဲက အခွဲ မိသားစု တစ်ခုပါ။  အိုင်တယ်လစ် အခွဲ (Italic branch) ဟုလည်း ခေါ်ပြီး ရိုမန့် ဘာသာစကားအစုအဖွဲ့ထဲမှာ အီတာလျံ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ကက်တလန် (Catalan) စတဲ့ ဘာသာစကားတွေ အဓိက ပါဝင်ပါတယ်။ အင်္ဂလိပ် ၊ ဂျာမန်၊ ရုရှတို့နဲ့ အခွဲမိသားစု မတူညီပါဘူး။  ရိုမန့်ဘာသာစကား အချင်းချင်းဟာ ဘာသာစကား သဘာဝချင်း အလွန်နီးကပ် ဆင်တူတာမို့ ပြင်သစ်ဘာသာ တတ်ကျွမ်းပါက စပိန်၊ ပေါ်တူဂီစတဲ့ ဘာသာစကားတွေကို သင်ယူဖို့ အလွန်လွယ်ကူသွားမှာ ဖြစ်ပါတယ်။ 

ပြင်သစ်ဘာသာစကားကို အချစ်ဘာသာစကား (Language of Love) ၊ ရိုမန်တစ်ဘာသာစကား (Romantic language)လို့ တစ်ချို့က ပြောကြပါတယ်။ ပြင်သစ်လူမျိုးတွေကိုယ်တိုင်လည်း ဘာအကြောင်းကြောင့် အဲလိုပြောမှန်း သေချာမသိကြပါဘူး။  Sociolinguist တစ်ယောက်ရဲ့ ရှုထောင့်အရတော့ ရှေးအခါက ဥရောပရှိ စစ်သည်တော်တွေအတွက် အချစ်ကဗျာ၊ သီချင်းတွေ ရေးစပ်တဲ့အခါ ရိုမန့်ဘာသာစကားတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ အီတာလျံစတဲ့ ဘာသာစကားတွေကို အသုံးပြုခဲ့ကြပြီး ထိုစာပေအဖွဲ့အနွဲ့တွေဟာ ဥရောပနန်းတွင်းအတော်များများမှာ အဖျော်ဖြေ၊ အသုံးတော်ခံ ဖြစ်ခဲ့ကြပါတယ်။ ထို အဖွဲ့အနွဲ့တွေကိုလည်း အားလုံးခြုံပြီး ရိုမန့်လို့ ခေါ်ဝေါ် ခဲ့ကြပါတယ်။ ပြင်သစ်ဘာသာစကားနဲ့ ဆက်စပ်တာကတော့ တခြားဥရောပဘာသာစကားတွေနဲ့ နှိုင်းယှဉ်ပါက အသံထွက် ညင်သာပ‌ြေပြစ်မှု ရှိခြင်း၊ ပြင်သစ်ပြည်ဟာလည်း ကမ္ဘာပေါ်မှာ အလွန်သာယာလှပတာက တစ်ကြောင်း ၊ ဥရောပမှာရော ကမ္ဘာမှာပါ ခံစားမှုအနုပညာနှင့် ပတ်သက်လျှင် ထိပ်ဆုံးက ဉီးဆောင်နိုင်တဲ့ တိုင်းပြည် တစ်ခုဖြစ်နေတာက တစ်ကြောင်း၊ အလှဆုံး၊ အကောင်းဆုံး၊ အရသာအရှိဆုံး ဇိမ်ခံပစ္စည်းပေါင်းစုံ ခံစားနိုင်တဲ့ နေရာတစ်ခု ဖြစ်နေတာက တစ်ကြောင်း၊ တခြား ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လူမှုရေးရာကိစ္စများ ပိုမို ပွင့်လင်းလွတ်လပ်တာက တစ်ကြောင်း စတဲ့ အကြောင်းများကြောင့်  တခြား ရိုမန့်အနွယ်ဝင်ဘာသာစကားတွေထက် ပြင်သစ်ကိုမှ ပို၍  နူးညံ့လှပသော ခံစားမှု (သို့) အချစ်နဲ့ သက်ဆိုင်နေတဲ့ ဘာသာစကားတစ်ခု (Romantic language/ language of love) အဖြစ် တင်စားပြောဆိုလာကြတာ ဖြစ်ပါတယ်။ 

ကိုးကား - 

https://www.rocketlanguages.com/blog/the-languages-of-love-the-5-most-romantic-languages

https://www.frenchpod101.com/blog/2010/02/24/history-of-the-french-language-truly-a-romance-language-2/




Comments

Popular posts from this blog

ရုပ်ရှင်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application၊ Social Media၊ Youtube Channels  ဘယ်ဟာ ပိုကောင်းလဲ ?? ဘာသာစကားတစ်ခု သင်ယူနေချိန်မှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ဆိုင်တဲ့ ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application စတဲ့ အနုပညာခံစားမှုများ၊ နည်းပညာများမှတဆင့်  မသိစိတ်ကနေ အလိုအလျောက် ဘာသာစကား သင်ယူမှုဟာလည်း အထောက်အကူ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘာသာစကားကို ပြောဆိုနေတဲ့ နိုင်ငံ (သို့) ရပ်ဝန်းတစ်ခုအတွင်း သွားရောက်သင်ယူရန် မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးတွေမှာ ထိုသင်ထောက်ကူ နည်းလမ်းတွေဟာ ပိုမိုအရေးပါ ပါတယ်။  ဒါပေမယ့်လည်း ရွေးချယ်စရာများလွန်းတဲ့ သင်ယူမှုနည်းလမ်းတွေထဲက အကောင်းဆုံးကို သိရှိပြီး တစ်စိုက်မတ်မတ်လေ့လာသင်ယူမှု ပြုလုပ်တတ်ရန်လည်း အရေးကြီးပါတယ်။ ပြင်သစ်စကား ၁၀နှစ်နီးပါး သင်ကြားမှု အတွေ့အကြုံတွေအရ ဇာတ်လမ်းတွဲ ကြည့်ရှုခြင်းနဲ့ သတင်းနားထောင်ခြင်းတို့ဟာ အခြေခံအဆင့်ရော ကြားအဆင့် အတွက်ပါ အကောင်းဆုံး သင်ယူနည်းပါ။ ဝါကျတည်ဆောက်မှု ရိုးရှင်းပြီး တိကျပြတ်သားတဲ့ စကား ပြောဟန်နဲ့ တင်ဆက်ရလေ့ရှိတဲ့ သတင်း အစီအစဉ် တို့ကို နားထောင်ခြင်းကြောင့် အကြားစွမ်းရည် တိုးတက်နိုင်သလို  ဇာတ်လမ်းတွဲ...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...