Skip to main content

ပြင်သစ်ဘာသာစကားကို မြန်မာကျောင်းသားတွေ စတင်သင်ကြားကြတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာထဲကတစ်ခုကတော့ ပြင်သစ်ဘာသာရှိ နာမ်များကို သက်ရှိသက်မဲ့ရော ဒြပ်ရှိဒြပ်မဲ့ပါ အထီးနာမ်၊ အမနာမ် (Masculine & Feminine) အဖြစ် လိင်သတ်မှတ်ထားခြင်းအပေါ် နားလည်ရခက်ခဲတဲ့ အရာတစ်ခု၊ ခွဲခြားရခက်တဲ့ အရာတစ်ခု ဆိုပြီး စိတ်ပျက်အားလျော့တတ်ကြတာပါပဲ။ တကယ်တော့ သဒ္ဒါလိင်ခွဲခြားခြင်း (Grammatical Genders) ဟာ ပြင်သစ်ဘာသာစကား တစ်ခုတည်းမှာ ထူးထူးခြားခြား တွေ့နေရတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်ရှိ ဘာသာစကားများအားလုံးရဲ့ ထက်ဝက်လောက် နီးနီးမှာ သဒ္ဒါလိင် ခွဲခြားမှု ရှိပါတယ်။ အဲဒီဘာသာစကားတွေရဲ့ ထက်ဝက်လောက်နီးနီးမှာလည်း အထီး၊ အမ (၂)မျိုးထက် ပိုတဲ့ သဒ္ဒါလိင်ခွဲခြားမှု ရှိပါတယ်။ အင်ဒိုဥရောပမျိုးနွယ်ဝင် ဘာသာစကားအတော်များများ (ခေတ်သစ် အင်္ဂလိပ်ဘာသာစကား မပါ၊ ရှေးအင်္ဂလိပ် ဘာသာစကားတွင် သဒ္ဒါလိင်ရှိပါတယ်)၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိကဒေသရှိ ဘာသာစကားအတော်များများမှာ သဒ္ဒါလိင်ရှိပါတယ်။ ဘာသာဗေဒရှုထောင့်က ကြည့်မယ်ဆိုရင် ဘာသာစကားတိုင်းရဲ့ နာမ်များဟာ အချင်းချင်း အမျိုးအစားခွဲခြားပြီး တူရာစုလိုတဲ့ သဘောသဘာဝ ရှိပါတယ်။ နာမ်တွေနဲ့ အများဆုံး  ဆက်နွယ်ပတ်သက်ရတဲ့ နာမဝိသေနနဲ့ ကြိယာတို့ကိုလည်း နာမ်ရဲ့ အမျိုးအစားအလိုက် ရုပ်ပြောင်းစေလိုတဲ့ သဘောလည်း ရှိပါတယ်။ သဒ္ဒါလိင်မရှိတဲ့ အာရှနဲ့ ပစိဖိတ်ဒေသတွေက ဘာသာစကားတွေမှာ (Classifier) ဆိုတဲ့ နာမ်အမျိုးခွဲ စနစ်ရှိတတ်ပါတယ်။ ဥပမာ ဗမာစကားမှာဆိုရင် "ကောင်၊ ခု၊ ယောက်၊ ချပ်၊ လုံး" စတဲ့ မျိုးခွဲစကားလုံးတွေနဲ့ တွဲသုံးတဲ့ သက်ဆိုင်ရာ နာမ်တွေရှိပါတယ်။ တိရိစ္ဆာန်အတွက် "ကောင်" ကို သုံးရင် လူအတွက် "ယောက်"ကို သုံးရမှာ ဖြစ်ပြီး ဘောလုံး၊ ဂေါ်လီလုံး၊ အသီး စတဲ့ လုံးဝန်းတဲ့ ပစ္စည်းတွေအတွက် "လုံး"ကို သုံးရတာ ဖြစ်ပါတယ်။ အဆိုပါ နာမ်မျိုးခွဲစနစ်ဟာ အာရှစကားသင်ယူတဲ့ ဥရောပသားတွေအတွက် အလွန်နားလည်ရ ခက်သလို သင်ယူရတာလည်း ခက်ပါတယ်။  

ဆိုလိုချင်တာကတော့ ပြင်သစ်ဘာသာစကား သင်ယူတဲ့ မြန်မာကျောင်းသားတွေ အနေနဲ့ သဒ္ဒါလိင်ခွဲခြားမှုအပေါ် ဘာမှစိတ်ပျက်အားလျော့မနေဘဲ  သတ်မှတ်ထားတဲ့ သဒ္ဒါစည်းမျဉ်းတစ်ချို့ကို လေ့လာသင်ယူလိုက်ရုံနဲ့ ပြင်သစ်စကားဟာ လွယ်ကူတယ်ဆိုတာ နားလည်သိမြင်လာမှာ ဖြစ်တယ် ဆိုတာပါပဲ။ ပြင်သစ်နာမ်တွေကို ယေဘုယျအားဖြင့် စာလုံးရဲ့ အဆုံးသတ်ပိုင်းအပေါ် အဓိကထားပြီး အထီးနာမ်နဲ့ အမနာမ်တွေအဖြစ် ပိုင်းခြားသွားပါတယ်။ ချွင်းချက်တွေလည်း  အများကြီး ရှိပါတယ်။ နာမ်တွေရဲ့  စာလုံးပေါင်းကို ကြည့်ပြီး အလွယ်ခွဲခြားလို့ရတဲ့ စည်းမျဉ်းတွေ ရှိပါတယ်။ ဥပမာ "-esse "နဲ့ အဆုံးသတ်တဲ့နာမ်၊ "-euse "နဲ့ အဆုံးသတ်တဲ့နာမ်၊ "-onne"နဲ့ အဆုံးသတ်တဲ့နာမ် စတာတွေဟာ အမနာမ်များ ဖြစ်လေ့ရှိပြီး "-ien" နဲ့ အဆုံးသတ်တဲ့နာမ်၊ " -al" နဲ့ အဆုံးသတ်တဲ့နာမ်၊ တခြားဘာသာစကားက မွေးစားထားတဲ့ နာမ်တစ်ချို့ စတာ တွေဟာ အထီးနာမ်တွေ ဖြစ်လေ့ရှိပါတယ်။ အထီးနာမ်၊ အမနာမ်ခွဲခြားပုံရဲ့ စည်းမျဉ်းတွေကို ဒီအောက်က link မှာ လေ့လာနိုင်ပါတယ်။

ပြင်သစ်သဒ္ဒါလိင်ဟာ လွယ်ပါတယ်။ အချိန်တစ်နှစ်ခန့် လေ့ကျင့်လိုက်တာနဲ့  နာမ်တွေရဲ့ အထီး၊ အမ ခွဲခြားမှုကို မိခင်ပြင်သစ်ဘာသာစကား ပြောသူတွေလို ကျက်မှတ်စရာမလိုဘဲ အလိုအလျောက် ပြောနိုင်၊ ရေးနိုင်ပါလိမ့်မယ်။ အဓိက လေ့ကျင့်နည်းကတော့ ပြင်သစ်လိုရေးထားတဲ့ အခြေခံအဆင့်  အလွယ်ဖတ် စာပိုဒ်၊ ပုံပြင်၊ သီချင်းစတာတွေကို နှုတ်ကထွက်ဆို ဖတ်ရှုခြင်း၊ သီဆိုခြင်း မကြာခဏ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘာသာစကားအသစ်တစ်ခု သင်ယူရာမှာ အဓိက အကျဆုံးက အဆက်မပြတ် လေ့ကျင့်မှုပါပဲ။ 
ကိုးကား - https://wals.info/chapter/30





Comments

Popular posts from this blog

တကယ်တော့ ပြင်သစ်ဟာ ရိုမန့် ဘာသာစကားတစ်ခု (Romance) ဖြစ်ပါတယ်။ ရိုမန့်ဆိုတာ ရှေးခေတ် ရိုမန်လူမျိုးတွေရဲ့  (Vulgar Latin) ဗျူဂါလက်တင်ဘာသာစကားကနေ ဆင်းသက်တဲ့ ဘာသာစကားအစုအဖွဲ့ကို ခေါ်တာပါ။ ပင်ရင်းမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပဘာသာစကား မိသားစုထဲက အခွဲ မိသားစု တစ်ခုပါ။  အိုင်တယ်လစ် အခွဲ (Italic branch) ဟုလည်း ခေါ်ပြီး ရိုမန့် ဘာသာစကားအစုအဖွဲ့ထဲမှာ အီတာလျံ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ကက်တလန် (Catalan) စတဲ့ ဘာသာစကားတွေ အဓိက ပါဝင်ပါတယ်။  အင်္ဂလိပ်  ၊ ဂျာမန်၊ ရုရှတို့နဲ့ အခွဲမိသားစု မတူညီပါဘူး။  ရိုမန့်ဘာသာစကား အချင်းချင်းဟာ ဘာသာစကား သဘာဝချင်း အလွန်နီးကပ် ဆင်တူတာမို့ ပြင်သစ်ဘာသာ တတ်ကျွမ်းပါက စပိန်၊ ပေါ်တူဂီစတဲ့ ဘာသာစကားတွေကို သင်ယူဖို့ အလွန်လွယ်ကူသွားမှာ ဖြစ်ပါတယ်။  ပြင်သစ်ဘာသာစကားကို အချစ်ဘာသာစကား (Language of Love) ၊ ရိုမန်တစ်ဘာသာစကား (Romantic language)လို့ တစ်ချို့က ပြောကြပါတယ်။ ပြင်သစ်လူမျိုးတွေကိုယ်တိုင်လည်း ဘာအကြောင်းကြောင့် အဲလိုပြောမှန်း သေချာမသိကြပါဘူး။  Sociolinguist တစ်ယောက်ရဲ့ ရှုထောင့်အရတော့ ရှေးအခါက ဥရောပရှိ စစ်သည်တော်တွေအတွက် အချစ်ကဗျာ၊...
ရုပ်ရှင်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application၊ Social Media၊ Youtube Channels  ဘယ်ဟာ ပိုကောင်းလဲ ?? ဘာသာစကားတစ်ခု သင်ယူနေချိန်မှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ဆိုင်တဲ့ ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application စတဲ့ အနုပညာခံစားမှုများ၊ နည်းပညာများမှတဆင့်  မသိစိတ်ကနေ အလိုအလျောက် ဘာသာစကား သင်ယူမှုဟာလည်း အထောက်အကူ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘာသာစကားကို ပြောဆိုနေတဲ့ နိုင်ငံ (သို့) ရပ်ဝန်းတစ်ခုအတွင်း သွားရောက်သင်ယူရန် မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးတွေမှာ ထိုသင်ထောက်ကူ နည်းလမ်းတွေဟာ ပိုမိုအရေးပါ ပါတယ်။  ဒါပေမယ့်လည်း ရွေးချယ်စရာများလွန်းတဲ့ သင်ယူမှုနည်းလမ်းတွေထဲက အကောင်းဆုံးကို သိရှိပြီး တစ်စိုက်မတ်မတ်လေ့လာသင်ယူမှု ပြုလုပ်တတ်ရန်လည်း အရေးကြီးပါတယ်။ ပြင်သစ်စကား ၁၀နှစ်နီးပါး သင်ကြားမှု အတွေ့အကြုံတွေအရ ဇာတ်လမ်းတွဲ ကြည့်ရှုခြင်းနဲ့ သတင်းနားထောင်ခြင်းတို့ဟာ အခြေခံအဆင့်ရော ကြားအဆင့် အတွက်ပါ အကောင်းဆုံး သင်ယူနည်းပါ။ ဝါကျတည်ဆောက်မှု ရိုးရှင်းပြီး တိကျပြတ်သားတဲ့ စကား ပြောဟန်နဲ့ တင်ဆက်ရလေ့ရှိတဲ့ သတင်း အစီအစဉ် တို့ကို နားထောင်ခြင်းကြောင့် အကြားစွမ်းရည် တိုးတက်နိုင်သလို  ဇာတ်လမ်းတွဲ...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...