Skip to main content

 Coup d'État /ˌku deɪˈtɑ/ ဆိုတာ မူရင်း ပြင်သစ်ဘာသာစကားက ဆင်းသက်လာတဲ့ စကားလုံးဖြစ်ပြီး အစိုးရတစ်ရပ်နှင့် ၄င်း၏ အာဏာကို လူတစ်စု သို့ စစ်အင်အားတစ်စု သို့ နိုင်ငံရေးအင်အားစု တစ်ခုမှ ကြိုတင်ပြင်ဆင်ထားသော ပြင်းထန်သည့် နည်းလမ်းတစ်ခုဖြင့် ရုတ်တရက် ဖယ်ရှားပစ်ခြင်းဟု ပြင်သစ် အဘိဓာန်တစ်ခုမှာ အဓိပ္ပါယ်ဖွင့်ဆို ထားပါတယ်။ 

ပြင်သစ်နိုင်ငံသမိုင်းအရ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားခဲ့သော ၁၇၈၉ ခုနှစ်မှသည် ယခုလက်ရှိအခြေခိုင် တည်တံ့နေသော ပဥ္စမ‌မြောက် သမ္မတနိုင်ငံတော် စတင်တည်ထောင်ခဲ့သည့်  ၁၉၅၈ ခုနှစ် အထိ နှစ်ပေါင်း ၁၆၀ ကျော်အတွင်း  ကြိုးပမ်းမှု (အောင်မြင်/ရှုံးနိမ့်/တစ်ပိုင်းသိမ်း အပါအဝင်) ၁၅ကြိမ်မက ရှိခဲ့ကြောင်း လေ့လာမှတ်သားခဲ့ဖူးပါတယ်။ နပိုလီယန် ဘိုနာပတ်ကိုယ်တိုင် ပါဝင်ခဲ့သော ၁၇၉၉ခုနှစ် အာဏာသိမ်းမှုနှင့် ၄င်း၏တူဖြစ်သူ လူဝီ-နပိုလီယန် ဘိုနာပတ် ဆောင်ရွက်ခဲ့သော ၁၈၅၁ခုနှစ် အာဏာသိမ်းမှုတို့မှာ အလွန်ထင်ရှားပါတယ်။ Coup d'État အသုံးအနှုန်းကို ရှေးနှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့ကြသည်ဟု ယူဆရန်ရှိသော်လည်း အင်္ဂလိပ်သတင်းစာများတွင် ၁၉ရာစုအစပိုင်းလောက်မှ စတင်၍ ပြင်သစ်ရှိ နပိုလီယန်၏ နိုင်ငံရေးလှုပ်ရှားမှုများအကြောင်း ရေးသားခဲ့ကြရာတွင် ထည့်သွင်းသုံးနှုန်းရာမှ အသုံးတွင်ကျယ်လာကြောင်း သိရပါတယ်။ ထိုစဉ်က ပြင်သစ်စကားလုံး Coup d'État ကို တိုတိုတုတ်တုတ်၊ ထိထိမိမိနဲ့ အဓိပ္ပါယ်ခြုံငုံမိသော အင်္ဂလိပ်စကားလုံးတစ်လုံးဖြင့်  ဘာသာမပြန်နိုင်ခဲ့ကြ၍ ထိုသို့ သုံးစွဲခဲ့ကြခြင်းလည်း ဖြစ်နိုင်ကြောင်း ဖတ်ရှုဖူးပါတယ်။  အင်္ဂလိပ်ဘာသာဖြင့် Coup d'État အသုံးအနှုန်း တွင်ကျယ်လာသောအခါ  d'État ကို ဖြုတ်၍ coup တစ်လုံးတည်းဖြင့် သုံးနှုန်းလာသည်ကို နောက်ပိုင်းတွင် တွေ့ရှိလာရပါတယ်။

 Coup d'État ဆိုသည့် စကားလုံးတွင် État ဆိုသည်မှာ နိုင်ငံတစ်ခု၊ ဒေသတစ်ခု (သို့) အစိုးရတစ်ခု ဟု အဓိပ္ပါယ်ရသော နာမ်ဖြစ်ပါတယ်။ coup အတွက် အဓိပ္ပါယ်အများကြီး ရှိတဲ့အထဲကမှ ဒီနေရာမှာတော့ တစ်ဉီးတစ်ယောက်ကို မမျှော်လင့်ဘဲ ရုတ်တရက် ရိုက်ချသောဖြစ်ရပ်ဆိုတဲ့ အဓိပ္ပါယ်ကို ယူရပါမယ်။ de ကတော့ ပုံမှန်အသုံးအားဖြင့် ပိုင်ဆိုင်မှုပြ ဖြစ်သော်လည်း ဤနေရာတွင်မူ နောက်မှလိုက်သော နာမ်ကို အထူးပြုကာ နာမဝိသေသနသဘော သုံးနှုန်းထားခြင်း ဖြစ်ပြီး သရနှင့်စသော État နှင့်ပေါင်းစပ်သောကြောင့် d'  ဖြစ်သွားပါတယ်။ ထို့စကားလုံး ၃ လုံး ပေါင်းစပ်သောအခါ နိုင်ငံ(သို့)အစိုးရတစ်ခုနှင့် သက်ဆိုင်သော ရုတ်တရက်ရိုက်ချက်ဟု အဓိပ္ပါယ် ရသွားပါတယ်။ 

Coup d'État ကဲ့သို့ ပြင်သစ်ဘာသာတွင် coup နှင့် တွဲသုံးနှုန်းသော စကားရပ်များစွာ ရှိပါတယ်။ ဥပမာ-  'coup de foudre' ဆိုလျှင် မြင်မြင်ချင်း ချစ်ကြိုက်ခြင်း၊ 'coup de main' ဆိုလျှင် ကူညီမှု လက်တစ်စုံ၊ 'coup de poing' ဆိုလျှင် လက်သီးတစ်ချက်၊ 'coup d'œil' ဆိုလျှင် အကြည့်တစ်ချက်  စသည်တို့ ဖြစ်ပါတယ်။ 

Youtube video 1799 Coup d'État : https://www.youtube.com/watch?v=gUOsMQhiQcQ






Comments

Popular posts from this blog

တကယ်တော့ ပြင်သစ်ဟာ ရိုမန့် ဘာသာစကားတစ်ခု (Romance) ဖြစ်ပါတယ်။ ရိုမန့်ဆိုတာ ရှေးခေတ် ရိုမန်လူမျိုးတွေရဲ့  (Vulgar Latin) ဗျူဂါလက်တင်ဘာသာစကားကနေ ဆင်းသက်တဲ့ ဘာသာစကားအစုအဖွဲ့ကို ခေါ်တာပါ။ ပင်ရင်းမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပဘာသာစကား မိသားစုထဲက အခွဲ မိသားစု တစ်ခုပါ။  အိုင်တယ်လစ် အခွဲ (Italic branch) ဟုလည်း ခေါ်ပြီး ရိုမန့် ဘာသာစကားအစုအဖွဲ့ထဲမှာ အီတာလျံ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ကက်တလန် (Catalan) စတဲ့ ဘာသာစကားတွေ အဓိက ပါဝင်ပါတယ်။  အင်္ဂလိပ်  ၊ ဂျာမန်၊ ရုရှတို့နဲ့ အခွဲမိသားစု မတူညီပါဘူး။  ရိုမန့်ဘာသာစကား အချင်းချင်းဟာ ဘာသာစကား သဘာဝချင်း အလွန်နီးကပ် ဆင်တူတာမို့ ပြင်သစ်ဘာသာ တတ်ကျွမ်းပါက စပိန်၊ ပေါ်တူဂီစတဲ့ ဘာသာစကားတွေကို သင်ယူဖို့ အလွန်လွယ်ကူသွားမှာ ဖြစ်ပါတယ်။  ပြင်သစ်ဘာသာစကားကို အချစ်ဘာသာစကား (Language of Love) ၊ ရိုမန်တစ်ဘာသာစကား (Romantic language)လို့ တစ်ချို့က ပြောကြပါတယ်။ ပြင်သစ်လူမျိုးတွေကိုယ်တိုင်လည်း ဘာအကြောင်းကြောင့် အဲလိုပြောမှန်း သေချာမသိကြပါဘူး။  Sociolinguist တစ်ယောက်ရဲ့ ရှုထောင့်အရတော့ ရှေးအခါက ဥရောပရှိ စစ်သည်တော်တွေအတွက် အချစ်ကဗျာ၊...
ရုပ်ရှင်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application၊ Social Media၊ Youtube Channels  ဘယ်ဟာ ပိုကောင်းလဲ ?? ဘာသာစကားတစ်ခု သင်ယူနေချိန်မှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ဆိုင်တဲ့ ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application စတဲ့ အနုပညာခံစားမှုများ၊ နည်းပညာများမှတဆင့်  မသိစိတ်ကနေ အလိုအလျောက် ဘာသာစကား သင်ယူမှုဟာလည်း အထောက်အကူ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘာသာစကားကို ပြောဆိုနေတဲ့ နိုင်ငံ (သို့) ရပ်ဝန်းတစ်ခုအတွင်း သွားရောက်သင်ယူရန် မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးတွေမှာ ထိုသင်ထောက်ကူ နည်းလမ်းတွေဟာ ပိုမိုအရေးပါ ပါတယ်။  ဒါပေမယ့်လည်း ရွေးချယ်စရာများလွန်းတဲ့ သင်ယူမှုနည်းလမ်းတွေထဲက အကောင်းဆုံးကို သိရှိပြီး တစ်စိုက်မတ်မတ်လေ့လာသင်ယူမှု ပြုလုပ်တတ်ရန်လည်း အရေးကြီးပါတယ်။ ပြင်သစ်စကား ၁၀နှစ်နီးပါး သင်ကြားမှု အတွေ့အကြုံတွေအရ ဇာတ်လမ်းတွဲ ကြည့်ရှုခြင်းနဲ့ သတင်းနားထောင်ခြင်းတို့ဟာ အခြေခံအဆင့်ရော ကြားအဆင့် အတွက်ပါ အကောင်းဆုံး သင်ယူနည်းပါ။ ဝါကျတည်ဆောက်မှု ရိုးရှင်းပြီး တိကျပြတ်သားတဲ့ စကား ပြောဟန်နဲ့ တင်ဆက်ရလေ့ရှိတဲ့ သတင်း အစီအစဉ် တို့ကို နားထောင်ခြင်းကြောင့် အကြားစွမ်းရည် တိုးတက်နိုင်သလို  ဇာတ်လမ်းတွဲ...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...