Skip to main content

"ပြင်သစ်က လွယ်တယ်" ဆိုတဲ့ စကားကို ဆရာမ စလုပ်ကာစက တခြားဘာသာစကားတစ်ခုကို ပြင်သစ်နဲ့အတူ တစ်ပြိုင်နက် တွဲသင်နေတဲ့ ကျောင်းသူတစ်ယောက်ဆီက ကြားခဲ့ဖူးတာပါ။ အဲဒီတုန်းက သူဘာကြောင့် အဲလို ပြောတယ်ဆိုတာ နားမလည်ခဲ့ဘူး။ နောက်မှ ကိုယ်တိုင် စပိန်မှာ ဘာသာဗေဒ မဟာဘွဲ့ သင်တန်းသွားတက်မှပဲ သဘောပေါက်သွားပါတယ်။ 

မှန်ပါတယ်။ ပြင်သစ်စကားက ဗမာစကားကို မိခင်ဘာသာစကား အနေနဲ့ပြောတဲ့သူတွေအတွက် သင်ယူဖို့ တကယ်လွယ်ပါတယ်။ အဓိက အကြောင်းရင်း ၃ ချက် ကတော့ - 

- ဘာသာစကားသင်ယူမှုမှာ အရေးပါတဲ့ "Word order" ဝါကျစီစဉ်မှု (SVO- subject verb object)ပုံစံအရ ပြင်သစ်ဟာ အင်္ဂလိပ်ဘာသာစကားနဲ့ တူညီနေတဲ့အတွက် ငယ်စဉ်ကပင်  အင်္ဂလိပ်အရေးအဖတ်အပြော စွမ်းရည်များနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား မြန်မာကျောင်းသားများအတွက် လေ့လာသင်ယူဖို့ လွယ်ကူနေတာပဲ ဖြစ်ပါတယ်။ 

- "Phonetics & phonology" ဖြစ်တဲ့ အသံထွက်ပိုင်းမှာလည်း ပြင်သစ်ရဲ့ လျှာခင်ဗျည်းဖြစ်တဲ့  "R /ʁ/" ကလွဲလို့ အခြားခက်ခဲတဲ့ ဗျည်းတွေ၊ သရတွေ နည်းပါတယ်။ ပြင်သစ်ရဲ့ နှာသရသံတွေက တခြားဘာသာစကားပြောသူတွေအတွက် ခက်ခဲလွန်းပေမယ့် မိခင်ဗမာစကားမှာ နှာဗျည်းနဲ့ သရသံတွေရှိပြီးသား ဖြစ်တဲ့အတွက် မြန်မာကျောင်းသားများအတွက် ပြင်သစ်အသံထွက်က လေ့ကျင့်ရတာ လွယ်ကူပါတယ်။ အားသာချက် နောက်တစ်မျိုးအနေနဲ့  ဗမာနဲ့ ပြင်သစ်မှာရှိတဲ့ စကားလုံးအတော်များများရဲ့ ဝဏ္ဏဖွဲ့စည်းပုံ (Syllable structure) ဟာ "CV" အမျိုးအစားဖြစ်တာခြင်းတူနေလို့ ပြင်သစ်အသံထွက်ဟာ တခြားဘာသာစကားတွေထက် မြန်မာတွေအတွက် ပိုမိုလွယ်ကူပါတယ်။ 

- နောက်တစ်ချက်အနေနဲ့ Morphology ခေါ် စကားလုံးဖွဲ့မှုပိုင်းကိုကြည့်မယ်ဆိုရင်လည်း ပြင်သစ်ဟာ အင်္ဂလိပ်နဲ့ ပင်ရင်းဘာသာစကားမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပမိသားစုထဲမှာ ပါဝင်နေတာဖြစ်လို့ ပြင်သစ်စကားလုံး အတော်များများရဲ့ စာလုံးပေါင်းပုံနည်းစနစ်ဟာလည်း  အင်္ဂလိပ်နဲ့ ဆင်တူနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း မြန်မာကျောင်းသားတွေအတွက် ပြင်သစ်စကား အရေး၊ အဖတ်စွမ်းရည်ကို လေ့ကျင့်သင်ယူဖို့ လွယ်ကူမြန်ဆန်တာ ဖြစ်ပါတယ်။ 

အထက်ပါ အချက်တွေကတော့ ပြင်သစ်စကား ဘာကြောင့် မြန်မာတွေအတွက် သင်ယူရလွယ်ကူတာလည်း ဆိုတဲ့ အပိုင်းပါ။ ဒါပေမယ့်လည်း ဘယ်လို နိုင်ငံခြားဘာသာစကားကို ဖြစ်ဖြစ် သင်ယူတဲ့ အစပိုင်းမှာ အခက်အခဲ ဆိုတာတော့ ရှိတတ်စမြဲပါ။ ပြင်သစ်စကားကို စသင်တဲ့ မိခင်ဗမာစကားပြော ကျောင်းသားတွေ အနေနဲ့ အရင်ဆုံးတွေ့ရတဲ့ အခက်အခဲကတော့ ပြင်သစ်နာမ်နဲ့ နာမဝိသေသနတွေရဲ့ သဒ္ဒါလိင် (Grammatical gender) နဲ့ ဝိဘတ်သွယ် ကြိယာ (Verb conjugation) အသုံးပြုပုံ စနစ်တွေပါ။ ပြင်သစ်မှာ တွေ့ရတဲ့ သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့တွေ အားလုံးကို သဒ္ဒါလိင်အရ အထီးအမ ခွဲခြားတဲ့ သဒ္ဒါစနစ်နဲ့ ကြိယာတွေကို နာမ်စားရဲ့ အနည်းကိန်း၊ အများကိန်းအလိုက် ဝိဘတ်သွယ်တဲ့ သဒ္ဒါစနစ်တို့ဟာ အင်ဒိုဥရောပမိသားစုဝင် ဘာသာစကား အတော်များများမှာ တွေ့ရတတ်တဲ့ ဘာသာစကားဆိုင်ရာ လက္ခဏာတွေပါ။ (ဥပမာ ဗမာစကားမှာ ရှိတဲ့ နာမ်တွေကို "ခု၊ ကောင်၊ ယောက်၊ လုံး" စတဲ့ မျိုးခွဲအသုံး (classifiers) တွေဟာလည်း အာရှဘာသာစကား အတော်များများရဲ့ လက္ခဏာပါပဲ) မြန်မာကျောင်းသားတွေအနေနဲ့ ပြင်သစ်ဘာသာစကားကို စတင်သင်ယူချိန်မှ တစ်နှစ်အတွင်း ထို အခက်အခဲ ၂မျိုးကို ဖြေးဖြေးနဲ့ မှန်မှန် ကျော်ဖြတ်သွားနိုင်ရင် အခြေခံမှ အဆင့်မြင့် အဆင့်ထိ အချိန်ကာလ အနည်းငယ်အတွင်း လွယ်ကူလျင်မြန်စွာ တတ်မြောက်သွားမှာ ဖြစ်ပါတယ်။ အခြား အင်ဒိုဥရောပအနွယ်ဝင်တွေဖြစ်တဲ့ အီတာလျံ၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမန်၊ ရုရှ စတဲ့ ဘာသာစကားတွေ သင်ယူတဲ့အခါမှာလည်း ပိုမိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။ 









Comments

Popular posts from this blog

တကယ်တော့ ပြင်သစ်ဟာ ရိုမန့် ဘာသာစကားတစ်ခု (Romance) ဖြစ်ပါတယ်။ ရိုမန့်ဆိုတာ ရှေးခေတ် ရိုမန်လူမျိုးတွေရဲ့  (Vulgar Latin) ဗျူဂါလက်တင်ဘာသာစကားကနေ ဆင်းသက်တဲ့ ဘာသာစကားအစုအဖွဲ့ကို ခေါ်တာပါ။ ပင်ရင်းမျိုးနွယ်ဖြစ်တဲ့ အင်ဒိုဥရောပဘာသာစကား မိသားစုထဲက အခွဲ မိသားစု တစ်ခုပါ။  အိုင်တယ်လစ် အခွဲ (Italic branch) ဟုလည်း ခေါ်ပြီး ရိုမန့် ဘာသာစကားအစုအဖွဲ့ထဲမှာ အီတာလျံ၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ကက်တလန် (Catalan) စတဲ့ ဘာသာစကားတွေ အဓိက ပါဝင်ပါတယ်။  အင်္ဂလိပ်  ၊ ဂျာမန်၊ ရုရှတို့နဲ့ အခွဲမိသားစု မတူညီပါဘူး။  ရိုမန့်ဘာသာစကား အချင်းချင်းဟာ ဘာသာစကား သဘာဝချင်း အလွန်နီးကပ် ဆင်တူတာမို့ ပြင်သစ်ဘာသာ တတ်ကျွမ်းပါက စပိန်၊ ပေါ်တူဂီစတဲ့ ဘာသာစကားတွေကို သင်ယူဖို့ အလွန်လွယ်ကူသွားမှာ ဖြစ်ပါတယ်။  ပြင်သစ်ဘာသာစကားကို အချစ်ဘာသာစကား (Language of Love) ၊ ရိုမန်တစ်ဘာသာစကား (Romantic language)လို့ တစ်ချို့က ပြောကြပါတယ်။ ပြင်သစ်လူမျိုးတွေကိုယ်တိုင်လည်း ဘာအကြောင်းကြောင့် အဲလိုပြောမှန်း သေချာမသိကြပါဘူး။  Sociolinguist တစ်ယောက်ရဲ့ ရှုထောင့်အရတော့ ရှေးအခါက ဥရောပရှိ စစ်သည်တော်တွေအတွက် အချစ်ကဗျာ၊...
ရုပ်ရှင်၊ သတင်း၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application၊ Social Media၊ Youtube Channels  ဘယ်ဟာ ပိုကောင်းလဲ ?? ဘာသာစကားတစ်ခု သင်ယူနေချိန်မှာ သက်ဆိုင်ရာ ဘာသာစကားနဲ့ဆိုင်တဲ့ ရုပ်ရှင်၊ သီချင်း၊ ဇာတ်လမ်းတွဲ၊ Application စတဲ့ အနုပညာခံစားမှုများ၊ နည်းပညာများမှတဆင့်  မသိစိတ်ကနေ အလိုအလျောက် ဘာသာစကား သင်ယူမှုဟာလည်း အထောက်အကူ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာ ဘာသာစကားကို ပြောဆိုနေတဲ့ နိုင်ငံ (သို့) ရပ်ဝန်းတစ်ခုအတွင်း သွားရောက်သင်ယူရန် မဖြစ်နိုင်သေးတဲ့ အခြေအနေမျိုးတွေမှာ ထိုသင်ထောက်ကူ နည်းလမ်းတွေဟာ ပိုမိုအရေးပါ ပါတယ်။  ဒါပေမယ့်လည်း ရွေးချယ်စရာများလွန်းတဲ့ သင်ယူမှုနည်းလမ်းတွေထဲက အကောင်းဆုံးကို သိရှိပြီး တစ်စိုက်မတ်မတ်လေ့လာသင်ယူမှု ပြုလုပ်တတ်ရန်လည်း အရေးကြီးပါတယ်။ ပြင်သစ်စကား ၁၀နှစ်နီးပါး သင်ကြားမှု အတွေ့အကြုံတွေအရ ဇာတ်လမ်းတွဲ ကြည့်ရှုခြင်းနဲ့ သတင်းနားထောင်ခြင်းတို့ဟာ အခြေခံအဆင့်ရော ကြားအဆင့် အတွက်ပါ အကောင်းဆုံး သင်ယူနည်းပါ။ ဝါကျတည်ဆောက်မှု ရိုးရှင်းပြီး တိကျပြတ်သားတဲ့ စကား ပြောဟန်နဲ့ တင်ဆက်ရလေ့ရှိတဲ့ သတင်း အစီအစဉ် တို့ကို နားထောင်ခြင်းကြောင့် အကြားစွမ်းရည် တိုးတက်နိုင်သလို  ဇာတ်လမ်းတွဲ...
Bonjour / bɔ̃ˈʒur /  ကတော့ ပြင်သစ်တွေရဲ့  အသုံးအများဆုံး  နှုတ်ဆက်စကား ပါပဲ။ မြန်မာလိုဆို  မင်္ဂလာပါ ပေါ့လေ။  အဓိပ္ပါယ် အတိအကျကတော့  bon = ကောင်းသော jour = နေ့ ပါ။ နေ့တစ်နေ့ရဲ့ နေရောင်ရှိနေချိန် (အရုဏ်၊ နံနက်၊ နေ့လယ်၊ ညနေခင်း) တွေမှာ လမ်းသွားလမ်းလာ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုး၊ လူစိမ်း အကုန်လုံးကို နှုတ်ဆက်တဲ့အခါ ပြောဆိုတဲ့ စကားပါ။ နေဝင်ချိန် (ဆောင်းရာသီဆို ညနေ ၆နာရီလောက် နေဝင်ပြီး အခြားရာသီမှာတော့ ည၈နာရီလောက်မှ နေဝင်ပါတယ်) ရောက်သွားရင်တော့  Bonsoir  / bɔ̃ˈswar /  လို့ ပြောပါတယ်။  bon = ကောင်းသော soir = ညနေခင်း လို့ အဓိပ္ပါယ် ရပါတယ်။ ပြင်သစ်လူမျိုးတွေရဲ့ နှုတ်ခွန်းဆက် ယဉ်ကျေးမှုမှာ  Bonjour/Bonsoir ပြောခြင်းနဲ့အတူ လက်ဆွဲနှုတ်ဆက်ခြင်း  (သို့) ပါးချင်းအပ်ပြီး အနမ်းပေးခြင်း (faire la bise) ယဉ်ကျေးမှုလည်း ရှိပါတယ်။ လက်ဆွဲနှုတ်ဆက်တာကတော့ မိတ်ဆွေသစ်အချို့နဲ့ မိတ်ဖွဲ့ချိန်မှာ ယောကျာ်းအချင်းချင်းကြား (သို့) မိန်းမအချင်းချင်းကြား (သို့) မိန်းမနှင့် ယောကျာ်းကြား ပြုလုပ်ကြပါတယ်။  ပါးချင်းအပ် အနမ်းပေးခြင်း (la bise) ကို ဆွေမျိုး၊ မိ...